ရေကြီးရေလျှံမှုတွေက သဘာဝအကြောင်းရင်းလား၊ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့်လား

နိဒါန်း

နှစ်စဉ် မိုးရာသီရောက်တိုင်း မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ရေကြီးမှုဖြစ်တိုင်း မိုးအရမ်းများလို့ ဆိုပြီး အလွယ်တကူ ပြောကြလေ့ရှိပေမယ့် ရေကြီးရေလျှံမှုဆိုတာ မိုးရေချိန်တစ်ခုတည်းနဲ့ ရှင်းလင်းလို့မရတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှု၊ မြေမျက်နှာသွင်ပြင်၊ မြစ်ချောင်းများ၏ ရေစီးဆင်းနိုင်စွမ်း စတဲ့ သဘာဝအကြောင်းရင်းများ အပြင် သစ်တောပြုန်းတီးမှု၊ မြေဆီလွှာတိုက်စားမှု၊ မြစ်ကြမ်းပြင်အတွင်း နုန်းအနည်များ စုပုံလာမှု၊ သတ္တုတူးဖော်မှု၊ Wetland များ ပျက်စီးလာမှုနဲ့ မြစ်ဝှမ်းလွင်ပြင်တွေမှာ အိမ်ရာနဲ့ မြို့ပြဧရိယာတွေ တိုးချဲ့လာမှု စတဲ့ လူသားတို့ရဲ့ လုပ်ဆောင်ချက်များ ကလည်း ရေကြီးရေလျှံမှုရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် ရေဝေရေလဲဒေသ ကနေ မြစ်ဝှမ်းလွင်ပြင် အထိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေဟာ တစ်နေရာတည်းမှာသာ သက်ရောက်တာမဟုတ်ဘဲ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုကို နားလည်ပြီး ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ဆိုရင် မိုးရေချိန်ကိုသာ ကြည့်ရုံမဟုတ်ဘဲ မြေ၊ ရေ၊ မြစ်ဝှမ်းနဲ့ လူသားတို့ရဲ့ မြေအသုံးချမှုပုံစံတွေကိုပါ ပေါင်းစပ်စဉ်းစားဖို့ လိုအပ်ပါတယ်။

သစ်တောပြုန်းတီးခြင်း (Deforestation)

သစ်တောတွေဟာ သဘာဝရဲ့ ရေထိန်းစနစ် (Natural Water Regulation System) တစ်ခုလို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သစ်ပင်တွေရဲ့ အရွက်၊ အကိုင်းအခက်နဲ့ သစ်တောမြေပြင်ပေါ်က သစ်ရွက်ခြောက်အလွှာတွေဟာ မိုးရေကို တိုက်ရိုက်မြေပြင်ပေါ် မကျစေဘဲ ကြားခံထိန်းသိမ်းပေးပါတယ်။ တစ်ချိန်တည်းမှာပဲ သစ်ပင်အမြစ်တွေက မြေဆီလွှာကို ခိုင်မာစေပြီး ရေစိမ့်ဝင်နိုင်စွမ်း (Infiltration) ကိုလည်း အထောက်အကူပြုပါတယ်။ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေ၊ လမ်း၊ အိမ်ရာ၊ သတ္တုတူးဖော်ရေးဧရိယာ စတာတွေအဖြစ် ပြောင်းလဲအသုံးပြုလာတဲ့အခါ ဒီသဘာဝရေထိန်းစနစ်ဟာ တဖြည်းဖြည်း ပျက်စီးလာပါတယ်။ မိုးရေကို ကြားခံဖမ်းဆီးထားနိုင်တဲ့ အပင်ဖုံးလွှမ်းမှု လျော့နည်းလာသလို မြေဆီလွှာအတွင်း ရေစိမ့်ဝင်နိုင်စွမ်းလည်း ကျဆင်းလာနိုင်ပါတယ်။ အဲ့ဒီအခါ မိုးရေတစ်စိတ်တစ်ပိုင်းဟာ မြေဆီလွှာထဲကို စိမ့်ဝင်မယ့်အစား မြေမျက်နှာပြင်ပေါ်ကနေ Surface Runoff အဖြစ် ပိုမိုစီးဆင်းလာပါတယ်။ ရေစီးဆင်းမှု ပမာဏနဲ့ အမြန်နှုန်း မြင့်တက်လာတဲ့အတွက် ချောင်းငယ်တွေကနေတစ်ဆင့် မြစ်ကြီးတွေဆီကို ရေဝင်ရောက်လာတဲ့အချိန် ပိုမိုမြန်ဆန်လာနိုင်ပါတယ်။ဒါ့အပြင် သစ်တောပြုန်းတီးမှုက မြေဆီလွှာတိုက်စားမှု (Soil Erosion) ကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ သစ်ပင်အမြစ်တွေက မြေဆီလွှာကို ထိန်းထားပေးနိုင်မှု လျော့နည်းသွားတဲ့အခါ မိုးရေတိုက်စားမှုကြောင့် မြေဆီလွှာနဲ့ အနည်အနှစ်တွေကို မြစ်ချောင်းတွေအတွင်း သယ်ဆောင်သွားနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီ Sediment တွေဟာ မြစ်ကြမ်းပြင်မှာ စုပုံလာပြီး မြစ်ကြမ်းပြင်မြင့်တက်ခြင်း (Riverbed Aggradation) ကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရေကြီးရေလျှံမှုကို လျှော့ချဖို့ဆိုရင် မြစ်အောက်ပိုင်းမှာ တာတမံတည်ဆောက်ခြင်းတစ်ခုတည်းကိုသာ အားထားတာထက် ရေဝေရေလဲဒေသအပေါ်ပိုင်းက သစ်တောနဲ့ သဘာဝမြေဖုံးလွှမ်းမှုတွေကို ထိန်းသိမ်းခြင်း၊ သစ်တောပြုန်းတီးပြီးသားနေရာတွေကို ပြန်လည်သစ်တောစိုက်ပျိုးခြင်းနဲ့ မြေဆီလွှာတိုက်စားမှုကို ထိန်းချုပ်ခြင်း တို့ကိုပါ ရေရှည်လုပ်ဆောင်သင့်ပါတယ်။

မြေဆီလွှာတိုက်စားမှုနှင့် နုန်းအနည်ကျမှု (Soil Erosion & Sedimentation)

အပင်ဖုံးလွှမ်းမှုတွေ နည်းပါးလာတဲ့အခါ မြေဆီလွှာတွေဟာ မိုးရေကြောင့် ပိုမိုလွယ်ကူစွာ တိုက်စားခံရပါတယ်။ တိုက်စားခံရတဲ့ မြေစာနဲ့ နုန်းအနည်တွေဟာ ချောင်းငယ်တွေ၊ မြစ်လက်တက်တွေကတစ်ဆင့် မြစ်ကြောင်းအတွင်းကို ရောက်ရှိလာပြီး အချိန်ကြာလာတာနဲ့အမျှ မြစ်ကြမ်းပြင်မြင့်တက်လာတဲ့အခါ မြစ်ရဲ့ ရေသိုလှောင်နိုင်တဲ့ ပမာဏ (Channel Capacity) လျော့နည်းလာပါတယ်။ အရင်က မြစ်ကြောင်းအတွင်း ထိန်းထားနိုင်တဲ့ ရေပမာဏကို မထိန်းနိုင်တော့ဘဲ မိုးသည်းထန်စွာရွာသွန်းတဲ့အချိန်မှာ မြစ်ရေဟာ ကမ်းပါးကို လွယ်လွယ်ကူကူ ကျော်လွန်စီးဆင်းလာနိုင်ပါတယ်။ ဒါကြောင့် Sedimentation ဟာ ရေကြီးရေလျှံမှုကို ဖြစ်စေတဲ့ အရေးကြီးတဲ့ ရေဝေရေလဲနှင့် မြစ်ကြောင်းဆိုင်ရာ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြန်အောင်–ကြံခင်းဘက် မှာ မြစ်ကမ်းနားကို သွားဖူးသူတွေဆိုရင် အဲဒီအချိန်က မြစ်ကမ်းပါးပေါ်ကနေ မြစ်အောက်ခြေအထိ တော်တော်လေးနက်နက် ဆင်းရတာကို မှတ်မိကြမယ်ထင်ပါတယ်။ အခု နွေရာသီကာလမှာ ပြန်သွားကြည့်မယ်ဆိုရင်တော့ တချို့နေရာတွေမှာ မြစ်ကြမ်းပြင်နဲ့ တာရိုးအမြင့်က အရင်ကလောက် မကွာတော့တဲ့ အခြေအနေ ကို တွေ့မြင်ရနိုင်ပါတယ်။ ဒီလိုအခြေအနေကိုကြည့်ရင် Geological Time Scale နဲ့ နှစ်ထောင်၊ နှစ်သောင်းချီပြီး ပြောစရာမလိုဘဲ နှစ် ၂၀ ကျော်ကာလအတွင်းမှာတောင် မြစ်ကြောင်းအတွင်း အနည်ထိုင်လာတဲ့ Sediment ထုဟာမနည်းဘူး ဆိုတာ သိသာပါတယ်။

သတ္တုတူးဖော်ခြင်း (Mining)

မြစ်ချောင်းတွေ၊ ချောင်းလက်တက်တွေ၊ မြစ်ကမ်းဘေးနဲ့ မြစ်အတွင်းပိုင်းတွေမှာ သတ္တုတူးဖော်ခြင်းဟာ ရေကြီးရေလျှံမှုအပြင် မြစ်ရဲ့ သဘာဝရေစီးဆင်းမှုပုံစံကိုပါ ပြောင်းလဲစေနိုင်တဲ့ လူသားတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် သတ္တုတူးဖော်ရာကနေ ထွက်ရှိလာတဲ့ မြေစာ၊ ကျောက်စာ၊ သဲနဲ့ နုန်းအနည်အနှစ် (Sediments) တွေကို စနစ်တကျ မစီမံဘဲ မြစ်ချောင်းအတွင်း တိုက်ရိုက်စွန့်ပစ်တာဟာ ပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ တူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ကမ်းပါးနဲ့ မြစ်ကြမ်းပြင်ကို တိုက်ရိုက်ထိခိုက်စေတဲ့အခါ မြစ်ကြောင်းပုံသဏ္ဍာန် (Channel Morphology) ပြောင်းလဲလာနိုင်ပါတယ်။ မြစ်ကြောင်းအတွင်း Sediment ပမာဏ များလာရင် တချို့နေရာတွေမှာ အနည်အနှစ်တွေ စုပုံပြီး မြစ်ကြမ်းပြင် မြင့်တက်လာနိုင်သလို တချို့နေရာတွေမှာ ရေစီးကြောင်း ကျဉ်းမြောင်းလာနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေတွေကြောင့် ရေစီးဆင်းမှုရဲ့ လမ်းကြောင်းနဲ့ အမြန်နှုန်းတွေ ပြောင်းလဲလာနိုင်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းတဲ့အချိန်မှာတော့ အပေါ်ပိုင်းတူးဖော်ရေးဧရိယာတွေကနေ မြေစာနဲ့ အနည်အနှစ်တွေကို မိုးရေနဲ့အတူ မြစ်ချောင်းတွေအတွင်း ပိုမိုသယ်ဆောင်လာနိုင်ပါတယ်။ ဒီလို Sediment Load များပြားလာခြင်းဟာ မြစ်ကြမ်းပြင်မှာ အနည်ကျမှုကို တိုးစေပြီး မြစ်ရဲ့ ရေစီးဆင်းနိုင်စွမ်းကို လျော့နည်းစေနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ မိုးများတဲ့အချိန်မှာ မြစ်ရေဟာ ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ကမ်းပါးကျော်လွန်နိုင်ပြီး ရေကြီးရေလျှံမှုအန္တရာယ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။

ဒါ့အပြင် သတ္တုတူးဖော်မှုဟာ ရေအရည်အသွေး (Water Quality) ကိုလည်း သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ တူးဖော်ရေးလုပ်ငန်းတွေကြောင့် ရေထဲမှာ Suspended Sediment များပြားလာပြီး Turbidity ကို ဖြစ်စေနိုင်ပါတယ်။ သတ္တုတူးဖော်တဲ့နေရာနဲ့ သတ္တုအမျိုးအစားပေါ်မူတည်ပြီး သတ္တုဓာတ်အကြွင်းအကျန်တွေ၊ ဓာတုပစ္စည်းအချို့နဲ့ အခြားညစ်ညမ်းပစ္စည်းတွေ ရေထဲဝင်ရောက်နိုင်တာကြောင့် ရေအရည်အသွေးနဲ့ ရေနေသတ္တဝါတွေရဲ့ နေထိုင်ရာပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မြစ်ထဲမှာ တိုက်ရိုက်တူးဖော်ခြင်း (In-stream Mining) နဲ့ မြစ်ကမ်းဘေးတစ်လျှောက် မထိန်းချုပ်ဘဲ တူးဖော်ခြင်းတွေဟာ ပိုမိုသတိထားရမယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ မြစ်ကြမ်းပြင်ကို တိုက်ရိုက်ပြောင်းလဲစေသလို မြစ်ကမ်းပါး တိုက်စားမှုကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ဖက်မှာ Sediment တွေ မြစ်အောက်ပိုင်းကို ရောက်ရှိပြီး စုပုံလာနိုင်သလို တစ်ဖက်မှာလည်း မြစ်ကမ်းပါးတွေ ပျက်စီးပြီး မြစ်ကြောင်းပုံစံ ပြောင်းလဲလာနိုင်ပါတယ်။ ဒါကြောင့် သတ္တုတူးဖော်မှုကို လုံးဝမလုပ်ရဘူးဆိုတာထက် ဘယ်နေရာမှာ၊ ဘယ်လိုနည်းလမ်းနဲ့၊ ဘယ်လောက်အထိ တူးဖော်မလဲ ဆိုတာကို ရေဝေရေလဲဒေသနဲ့ မြစ်ကြောင်းတစ်ခုလုံးရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပြီး စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ Sediment Control ၊ Waste Management ၊ Riverbank Protection နဲ့ Water Quality Monitoring စနစ်တွေ ထည့်သွင်းအသုံးပြုသင့်ပါတယ်။ အထူးသဖြင့် မြစ်ချောင်းအတွင်း မြေစာနဲ့ အနည်အနှစ်တွေကို တိုက်ရိုက်မစွန့်ပစ်ခြင်း၊ စွန့်ပစ်မြေစာတွေကို သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျ ထိန်းသိမ်းခြင်း၊ မြစ်ကမ်းပါးကို သဘာဝအတိုင်း ထိန်းသိမ်းခြင်း တို့ကို လုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ သတ္တုတူးဖော်ရေးကနေ ရရှိလာတဲ့ စီးပွားရေးအကျိုးအမြတ်နဲ့အတူ မြစ်၊ ရေဝေရေလဲဒေသနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

မိုးလေဝသဆိုင်ရာ အကြောင်းရင်းများ (Heavy Rainfall)

မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေဝေရေလဲဒေသကနေ မြစ်ချောင်းတွေအတွင်း စီးဝင်လာတဲ့ ရေပမာဏနဲ့ ရေစီးနှုန်းတွေ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။ အထူးသဖြင့် အပေါ်မှာဖော်ပြခဲ့တဲ့ သစ်တောပြုန်းတီးမှု၊ မြေဆီလွှာတိုက်စားမှုနဲ့ မြစ်ကြောင်းအတွင်း Sedimentation များပြားမှုတွေကြောင့် ရေကို စုပ်ယူထိန်းသိမ်းနိုင်စွမ်း လျော့နည်းနေတဲ့ မြစ်ဝှမ်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေကြီးရေလျှံနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။ ဒါပေမယ့် Heavy Rainfall ဟာ သဘာဝအကြောင်းရင်းတစ်ခုဖြစ်ပေမယ့် ရေကြီးမှုရဲ့ အတိုင်းအတာကို ဆုံးဖြတ်ပေးတဲ့ တစ်ခုတည်းသောအချက်တော့ မဟုတ်ပါဘူး။ မိုးရွာတဲ့ ပမာဏအပြင် မိုးရွာသွန်းတဲ့ ကြာချိန်၊ မိုးရေကျရောက်တဲ့ ဧရိယာ၊ မြေမျက်နှာသွင်ပြင်၊ မြေဆီလွှာရဲ့ ရေစုပ်ယူနိုင်စွမ်းနဲ့ မြစ်ချောင်းတွေရဲ့ လက်ရှိရေစီးဆင်းနိုင်စွမ်းတို့ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် တစ်နေ့တည်း မိုးသည်းထန်စွာ ရွာသွန်းတာထက် ရက်အတော်ကြာ မိုးဆက်တိုက်ရွာသွန်းပြီး မြေဆီလွှာတွေ ရေပြည့်ဝနေတဲ့အခြေအနေ မှာ နောက်ထပ်မိုးရေတွေ မြေထဲကို ဆက်လက်စိမ့်ဝင်နိုင်မှု လျော့နည်းလာပြီး Surface Runoff ပိုမိုများပြားလာနိုင်ပါတယ်။ အဲ့ဒီရေတွေ တစ်ချိန်တည်းမှာ မြစ်ချောင်းတွေဆီ ဝင်ရောက်လာတဲ့အခါ မြစ်ရေမြင့်တက်မှု ပိုမိုမြန်ဆန်နိုင်ပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုကို လေ့လာတဲ့အခါ မိုးဘယ်လောက်ရွာသလဲ ဆိုတာတစ်ခုတည်းကို မကြည့်ဘဲ ဘယ်နေရာမှာ ဘယ်လောက်ကြာကြာ ရွာသလဲ၊ ရေဝေရေလဲဒေသက ရေကို ဘယ်လောက်အထိ စုပ်ယူထိန်းသိမ်းနိုင်သလဲ၊ အဲ့ဒီရေတွေ မြစ်ထဲကို ဘယ်လောက်မြန်မြန် ဝင်ရောက်လာသလဲ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ရေလွမ်းလွင်ပြင် (Flood Plain) များကို မသင့်လျော်စွာ အသုံးချခြင်း

ရေလွမ်းလွင်ပြင်ဆိုတာ မြစ်ရေမြင့်တက်တဲ့အချိန်မှာ ရေဖုံးလွှမ်းနိုင်တဲ့ မြစ်ဘေးပတ်ဝန်းကျင်မြေနေရာတွေ ဖြစ်ပါတယ်။ သဘာဝအတိုင်းရှိနေတဲ့ Floodplain တွေဟာ ရေကြီးတဲ့အချိန်မှာ ရေကို ခေတ္တသိုလှောင်ပေးနိုင်တဲ့ သဘာဝရေလှောင်ကန် (Natural Storage Area) တစ်ခုလို အလုပ်လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် Wetlands ၊ ရေဝင်ရေထွက်သဘာဝလမ်းကြောင်းတွေ၊ ရေစိမ့်ဝင်နိုင်တဲ့ မြေနေရာတွေ ဟာ မိုးရေ၊ မြစ်ရေတွေကို ခေတ္တထိန်းသိမ်းပေးပြီး ရေစီးဆင်းမှုကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသဘာဝနေရာတွေကို ဖျက်ဆီးပြီး စိုက်ပျိုးမြေ၊ အိမ်ရာ၊ စက်မှုဇုန်နဲ့ မြို့ပြဧရိယာတွေ တိုးချဲ့လာတဲ့အခါ Floodplain ရဲ့ သဘာဝရေထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာနိုင်ပါတယ်။ အထူးသဖြင့် Urbanization ကြောင့် ကွန်ကရစ်လမ်းတွေ၊ အဆောက်အအုံတွေ၊ ကားရပ်နားရာနေရာတွေလို ရေမစိမ့်ဝင်နိုင်တဲ့ မြေမျက်နှာပြင် (Impervious Surface) တွေ များပြားလာပါတယ်။ ဒီလိုမျက်နှာပြင်တွေ များလာတဲ့အခါ မိုးရေဟာ မြေထဲကို စိမ့်ဝင်မယ့်အစား Surface Runoff အဖြစ် လျင်မြန်စွာ စီးဆင်းလာနိုင်ပါတယ်။ ဒါအပြင် သဘာဝရေစီးကြောင်းတွေကို လမ်း၊ တာ၊ အဆောက်အအုံနဲ့ အခြားအခြေခံအဆောက်အအုံတွေက ပိတ်ဆို့လိုက်တဲ့အခါ ရေဟာ ပုံမှန်စီးဆင်းရမယ့် လမ်းကြောင်းကနေ မစီးနိုင်တော့ဘဲ အခြားနေရာတွေကို လျှံထွက်သွားတဲ့အခါ မြို့ပြရေကြီးမှု (Urban Flooding) ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါကြောင့် ရေလွမ်းလွင်ပြင်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ မြေရှိလို့ အသုံးချမယ် ဆိုတဲ့ အမြင်တစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ အဲ့ဒီမြေနေရာရဲ့ Flood Hazard နဲ့ ရေစီးဆင်းမှုပုံစံကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Flood Hazard Mapping နဲ့ Land-use Planning ကို ပေါင်းစပ်အသုံးပြုပြီး ရေကြီးနိုင်ခြေမြင့်တဲ့နေရာတွေမှာ အရေးကြီးအဆောက်အအုံတွေ တည်ဆောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ရေကြီးရေလျှံမှုကို ရေရှည်လျှော့ချဖို့ဆိုရင် Wetlands နဲ့ သဘာဝရေစီးကြောင်းတွေကို ထိန်းသိမ်းခြင်း၊ Floodplain တွေကို သင့်လျော်စွာ စီမံခန့်ခွဲခြင်း၊ မြို့ပြဧရိယာတွေရဲ့ Drainage System ကို အဆင့်မြှင့်တင်ခြင်းနဲ့ ရေကြီးနိုင်ခြေရှိတဲ့ မြေနေရာတွေမှာ စနစ်တကျ Land-use Planning ပြုလုပ်ခြင်း တို့ကို အတူတကွ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

နိဂုံး

အနှစ်ချုပ်ပြောရရင် လက်ရှိ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့  ရေကြီးရေလျှံမှုဟာ မိုးများလို့ ဆိုတဲ့ အကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။  မိုးရေချိန် ၊ မြေမျက်နှာသွင်ပြင် အနေအထား၊ ရေဝေရေလဲဒေသအခြေအနေ ၊ သစ်တောပြုန်းတီးမှု ၊ မြေဆီလွှာတိုက်စားမှု ၊ နုန်းအနည်ကျမှု (Sedimentation) ၊ သတ္တုတူးဖော်မှုနဲ့ ရေလွမ်းလွင်ပြင်အသုံးချမှု စတဲ့ အချက်တွေဟာ အပြန်အလှန်ဆက်စပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ရေကြီးရေလျှံမှုကို လျှော့ချဖို့ဆိုရင် ရေကြီးပြီးမှ ကယ်ဆယ်ရေးလုပ်တာထက် ရေကြီးမဖြစ်မီ ရေဝေရေလဲဒေသနဲ့ မြစ်ဝှမ်းတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲဖို့ ပိုအရေးကြီးပါတယ်။ သစ်တောတွေကို ထိန်းသိမ်းပြီး သစ်တောပြုန်းတီးနေတဲ့ ရေဝေရေလဲဒေသတွေမှာ သစ်တောတွေပြန်လည်စိုက်ပျိုးတာ၊  မြေဆီလွှာတိုက်စားမှုတွေကို ထိန်းချုပ်တာ၊ မြစ်ချောင်းတွေအတွင်း သတ္တုတူးဖော်တာတွေ နဲ့ မြေစာစွန့်ပစ်တာတွေကို စနစ်တကျ ထိန်းချုပ်တာတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒါအပြင် မြစ်ဝှမ်းတွေရဲ့  Wetland နဲ့ သဘာဝရေထိန်းသိမ်းနိုင်တဲ့ နေရာတွေကို  ထိန်းသိမ်းထားပြီး ရေစီးကြောင်းတွေကို ပိတ်ဆို့မယ့် အဆောက်အအုံတွေ မဖြစ်ပေါ်အောင် စနစ်တကျ စီမံဖို့ ၊ မြို့ပြနဲ့ အိမ်ရာတိုးချဲ့မှုတွေအတွက် အသုံးမချဖို့ Flood Hazard Map တွေ နဲ့ Land-use Planning ကို ပေါင်းစပ်အသုံးပြုဖို့လဲ လိုအပ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လက်ရှိ မြစ်ရေ၊ မိုးရေချိန်၊ မြစ်ကြမ်းပြင်အနည်အနှစ်နဲ့ မြေမျက်နှာသွင်ပြင်အခြေအနေတွေကို GIS  Remote Sensing နဲ့ Hydrological Monitoring နည်းပညာတွေ အသုံးပြုပြီး ပုံမှန်စောင့်ကြည့်သင့်ပါတယ်။ အဲဒီကရတဲ့ အချက်အလက်တွေကို အခြေခံပြီး Flood Hazard Mapping ၊ Early Warning System တွေကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ပါတယ်။ ပြောချင်တာကတော့ ရေကြီးရေလျှံမှုကို အကြောင်းရင်းတစ်ခုတည်းအပေါ် ပုံချပြီး ဖြေရှင်းဖို့မဟုတ်ဘဲ မြစ် ၊ မြေ ၊ မိုး နဲ့ မိမိတို့ လူသားတွေ အကြား အပြန်အလှန်ဆက်စပ်နေတဲ့ စနစ်တစ်ခုအဖြစ် နားလည်ဖို့ လိုအပ်ပါတယ်။ ရေကြီးပြီးမှ ပြန်လည်ဖြေရှင်းတာထက် ရေမကြီးမီကတည်းက ရေဝေရေလဲဒေသ၊ မြစ်ဝှမ်းနဲ့ မြေအသုံးချမှုတွေကို စနစ်တကျ စီမံခန့်ခွဲပြီး ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းက ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။

Kaung Si Thu (Geology)

Leave a Reply

Your email address will not be published. Required fields are marked *