ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပမာဏ M7.8 ရှိသော အလွန်အန္တရာယ်များသည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားကြောင်း သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၇ မိနစ်ခန့်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်မှာ Mindanao ကျွန်းအောက်ခြေကို ဗဟိုပြုပြီး ပမာဏ Magnitude 7.8 ရှိတဲ့ အင်အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ USGS အရ  Intensity VIII (ပြင်းထန်) ရှိတဲ့ တုန်ခါမှုကို ခံစားခဲ့ရပြီး လူအသေအပျောက် များပြားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ https://earthquake.usgs.gov/earthquakes/eventpage/us7000srb1/executive

ထိခိုက်ပျက်စီးနိုင်ခြေနှင့် အခြေအနေများ

ငလျင်ဗဟိုချက်နှင့် နီးကပ်သော ဂျန်နရယ်ဆန်းတို့စ် (General Santos) မြို့အပါအဝင် မင်ဒါနောင်းဒေသတခွင်တွင် အဆောက်အအုံအချို့ ပြိုကျပျက်စီးနေသည့် မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် ဆက်တိုက်ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ဒေသခံများ၏ ပြောပြချက်အရ အဆိုပါဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆိုးရွားစွာ တုန်ခါမှုကို ခံစားခဲ့ရသည့် နေရာများတွင် အခြေအနေမှာ ပိုမိုစိုးရိမ်ရကြောင်း သိရှိရသည်။

ပင်မငလျင်ကြီး လှုပ်ခတ်ပြီးနောက် ငလျင်အသေးလေးများ စဉ်ဆက်မပြတ် လှုပ်ခတ်နေသည့်အပြင် ပမာဏ Magnitude ၆ အထက်ရှိသည့် နောက်ဆက်တွဲငလျင်ကြီး ၃ ခုအထိပါ ထပ်မံမှတ်တမ်းတင်ထားရသည်။ အပြင်းဆုံးအနေဖြင့် ပင်မငလျင်လှုပ်ပြီး တစ်နာရီခန့်အကြာတွင် ပြင်းအား M6.5 ရှိသည့် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ၊ ၎င်းသည် ပင်မငလျင်ဒဏ်ကြောင့် အားနည်းပျက်စီးနေပြီးသား အဆောက်အအုံများကို ထပ်မံပြိုကျစေနိုင်သဖြင့် အသက်အန္တရာယ်အတွက် အထူးသတိပြုကြရမည့် အခြေအနေ ဖြစ်သည်။

အဆိုပါရေအောက်ငလျင်ကြောင့် ဖိလစ်ပိုင်ပင်လယ်ပြင်အချို့တွင် အမြင့် ၁ မီတာမှ ၃ မီတာအထိရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ လက်ရှိ ပင်လယ်ရေမျက်နှာပြင် တိုင်းထွာချက်များအရ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ (Sulawesi) ကမ်းရိုးတန်းတွင် ၀.၈ မီတာနှင့် ဖိလစ်ပိုင်နိုင်ငံ၊ ဒါဗာအို (Davao) တွင် ၀.၅ မီတာအမြင့်ရှိသည့် ဆူနာမီလှိုင်းများကို စတင်တွေ့ရှိထားရကြောင်း သတင်းများက ဆိုသည်။

အဆောက်အအုံ ပျက်စီးမှုများနှင့် ဆူနာမီအပြင် မြေပြင်အန္တရာယ်များလည်း ကျရောက်နိုင်ခြေ ရှိနေသည်။ ကုန်းမြင့်တောင်စောင်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပွားနိုင်သကဲ့သို့ ကမ်းရိုးတန်းနှင့် ရေမျက်နှာပြင်မြင့်သော ကုန်းမြေနိမ့်ပိုင်းဒေသများတွင် မြေဆီလွှာရည်ပျော်ခြင်း (Liquefaction) ဖြစ်စဉ်များ ဖြစ်ပွားနိုင်ခြေရှိကြောင်း USGS က သတိပေးထားသည်။ ဤဖြစ်စဉ်များကြောင့် လမ်းပန်းဆက်သွယ်ရေး၊ တံတားများနှင့် ကျန်ရှိနေသေးသော အခြေခံအဆောက်အအုံများပါ ထပ်မံပျက်စီးဆုံးရှုံးနိုင်ခြေ မြင့်မားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *