ပြတ်ရွေ့များနှင့်ငလျင် (၁)

by Kaung Si Thu – March 5 2026 in Myanmar

၁။ ပြတ်ရွေ့ခြင်း

ပြတ်ရွေ့ခြင်းဆိုသည်မှာ မြေထုချပ်များလှုပ်ရှားမှုကြောင့် ကမ္ဘာ့မြေတွင်း ကျောက်လွှာများ ပြတ်တောက်ပြီး တစ်ဖက်တစ်ချက်သို့ နေရာရွေ့လျားသွားခြင်းကို ဆိုလိုပါသည်။ ထိုကဲ့သို့ ကျောက်လွှာ များ ပြတ်တောက်ပြီး ရွေ့လျားသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အက်ကွဲကြောင်းများ ကို ပြတ်ရွေ့ (fault) ဟုခေါ်ဝေါ်ပါသည်။ ပြတ်ရွေ့ (fault) များသည် မီးသင့်ကျောက်၊ အနည်ကျကျောက် နှင့် အသွင်းပြောင်းကျောက် အမျိုးအစားအားလုံးတွင် ဖြစ်ပေါ်တတ်ပြီး အလွှာလိုက်ရှိသည့် အနည်ကျ ကျောက်များတွင် လွယ်ကူစွာ မြင်တွေ့ရလေ့ရှိပါသည်။

၂။ ပြတ်ရွေ့၏ အဓိကအစိတ်အပိုင်းများ (Anatomy of a Fault)

ပြတ်ရွေ့ခြင်းဖြစ်စဉ်တွင် ကျောက်လွှာများ ပြတ်တောက်ပြီး ရွေ့လျားသည့် မျက်နှာပြင် ကို ပြတ်ရွေ့ပြင် (fault plane) ဟုခေါ်ပါသည်။ ပြတ်ရွေ့ပြင် (fault plane) သည် အမြဲတမ်း ညီညာချောမွေ့နေလေ့မရှိဘဲ ကျောက်သားထုနှစ်ခု ပြင်းထန်စွာ ပွတ်တိုက်မိခြင်းကြောင့် အစင်းရာများ သို့မဟုတ် ပွတ်ကြောင်းများ (slickensides) ဖြစ်ပေါ်နေတတ်ပြီး ၎င်းအစင်းရာများကို ကြည့်ရှုခြင်းဖြင့် ကျောက်လွှာများ မည်သည့်အရပ်မျက်နှာသို့ ရွေ့လျားသွားသည်ကို သိပ္ပံနည်းကျ ခန့်မှန်းသိရှိနိုင်သည်။

စောင်းလျက်ရှိသော ပြတ်ရွေ့ပြင် (fault plane) ၏ အပေါ်ဘက်ခြမ်းရှိ ကျောက်များကို အပေါ်နံရံ (hanging wall) ဟုခေါ်ပြီး အောက်ဘက်ခြမ်းရှိ ကျောက်များကို အောက်ခံနံရံ (foot wall) ဟု ခေါ်သည် (ပုံ – ၁)။ ပြတ်ရွေ့ပြင် (fault plane) ၏ ရေပြင်ညီလမ်းကြောင်းကို ပြတ်ရွေ့ငိုက်မတ်ကြောင်း (fault strike) ဟုခေါ်ပြီး ၎င်းကို သံလိုက်အိမ်မြှောင်ဖြင့် တိုင်းတာကာ ဒီဂရီအားဖြင့် (၀° မှ ၃၆၀° အထိ) ဖော်ပြလေ့ရှိသည်။ ပြတ်ရွေ့ပြင် (fault plane) များတိမ်းစောင်းသည့် ပမာဏကို ပြတ်ရွေ့ငိုက်ထောင့် (fault dip) ဟုခေါ်ဆိုပြီး ၎င်းငိုက်ထောင့်ကို ရေပြင်ညီမှစတင်တိုင်းတာကာ ၀° မှ ၉၀° အတွင်း တန်ဖိုးရှိပါသည်။ ဉပမာ ပြတ်ရွေ့တစ်ခုသည် ပြတ်ရွေ့ငိုက်ထောင့် (fault dip) ၈၀° ဒီဂရီရှိပါက အတော်လေး မတ်စောက်သော ပြတ်ရွေ့ပြင် (fault plane)တစ်ခုအဖြစ် မြင်တွေ့ရပါမည်။ ဆက်လက်ပြီး ပြတ်ရွေ့ငိုက်ထောင့် (fault dip) ကို တိုင်းတာရုံဖြင့် မလုံလောက်ဘဲ ၎င်းပြတ်ရွေ့ပြင်သည် မည်သည့်အရပ်မျက်နှာသို့ ငိုက်စောင်းနေသည် (ဥပမာ – အရှေ့ဘက် သို့မဟုတ် အနောက်ဘက်) ကိုပါ တိကျစွာ ဖော်ပြရန် လိုအပ်ပါသည်။ ၎င်းကို ပြတ်ရွေ့ငိုက်စောင်းရာအရပ် (dip direction) ဟု ခေါ်ဆိုသည်။

ကျောက်လွှာများ ပြတ်တောက်ရွေ့လျားရာ ပြတ်ရွေ့ပြင် (fault plane) သည် ပြတ်ရွေ့တစ်ခု၏ သဘောသဘာဝကို လေ့လာရာတွင် အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်ပေသည်။ လက်တွေ့ကွင်းဆင်းလေ့လာရာတွင် ပြတ်ရွေ့ပြင် (fault plane) ၏ အနေအထားကို တိကျစွာ သိရှိနိုင်ရန်အတွက် ပြတ်ရွေ့ငိုက်မတ်ကြောင်း (fault strike) ၊ ပြတ်ရွေ့ငိုက်ထောင့် (fault dip) နှင့် ပြတ်ရွေ့ပြင်ပေါ်တွင် ထင်ကျန်ရစ်သည့် ပွတ်ကြောင်းများ (slickensides) တို့ကို စနစ်တကျ တိုင်းတာရန် လိုအပ်ပါသည်။

ပုံ (၁) ပြတ်ရွေ့၏ အဓိကအစိတ်အပိုင်းများ

၃။ ပြတ်ရွေ့ အမျိုးအစားများ

ပြတ်ရွေ့အမျိုးအစားများကို ၎င်းတို့၏ ရွေ့လျားမှုပုံစံနှင့် သက်ရောက်သည့် အားများအပေါ် မူတည်၍ ပုံမှန်ပြတ်ရွေ့များ (normal faults)၊ တွန်းတင်ပြတ်ရွေ့များ (reverse faults) နှင့် အလျားလိုက် ပြတ်ရွေ့များ (strike slip faults) များဟူ၍ အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်ပါသည်။

၃.၁။ ပုံမှန်ပြတ်ရွေ့များ (normal faults)

ပုံမှန်ပြတ်ရွေ့များ (normal faults) သည် ကျောက်လွှာများကို တစ်ဖက်တစ်ချက်စီသို့ ဆွဲဆန့်လိုက်သည့် ဆွဲအား (Tensional Force) ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ရွေ့လျားမှုပုံစံအရ ပြတ်ရွေ့ပြင် (fault plane) ၏ အထက်ပိုင်းရှိ ကျောက်လွှာစု (hanging wall) သည် အောက်ခြေကျောက်လွှာစု (footwall) နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာ့ဆွဲငင်အားအတိုင်း အောက်ဘက်သို့ လျှောကျနိမ့်ဆင်းသွားသည်။ ၎င်းပြတ်ရွေ့တို့၏ ငိုက်ထောင့် (fault dip) သည် များသောအားဖြင့် ၄၅° မှ ၉၀° ကြားတွင် ရှိတတ်ပြီး မတ်စောက်လေ့ရှိသည်။ သို့သော် ငိုက်ထောင့်အလွန်နည်းပါးသော (ဥပမာ – ၃၀° အောက်) ပြတ်ရွေ့များကိုမူ ငိုက်ထောင့်နိမ့် ပုံမှန်ပြတ်ရွေ့များ (low-angle normal faults) ဟု သီးခြားခေါ်ဆိုကြသည်။

ပုံမှန်ပြတ်ရွေ့များ (normal faults) အစုလိုက်အပြုံလိုက် ဖြစ်ပေါ်လာသောအခါ ကျောက်လွှာများတွင် တစ်ဖက်ပိုင်းသည် နိမ့်ဆင်းသွားပြီး တစ်ဖက်ပိုင်းသည် မြင့်တက်ကျန်ရစ်လာသည်။ ထိုသို့သော လှုပ်ရှားမှုများကြောင့် မြေနိမ့်ချိုင့်ဝှမ်းများ (grabens) နှင့် ကုန်းမြင့်တန်းများ (horsts) ကဲ့သို့သော ထင်ရှားသော ဘူမိရုပ်သွင်များ ဖြစ်ပေါ်လာသည် (ပုံ – ၂)။ ပုံမှန်ပြတ်ရွေ့ (normal fault) ငလျင်များသည် ကမ္ဘာ့မြေထုချပ်များ တစ်ခုနှင့်တစ်ခု ဝေးကွာသွားစေသော ဆွဲဆန့်အား (extensional stress) ရှိသည့် ဒေသများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။ ထိုကဲ့သို့သော ဆွဲဆန့်မှုဖြစ်စဉ်များကို ကမ္ဘာ့မြေထုချပ် ကွဲကွာအနားစွန်းများ (divergent plate boundaries) တွင် အထင်ရှားဆုံး တွေ့မြင်နိုင်သည်။ သမုဒ္ဒရာကြမ်းပြင် ပင်လယ်ရေအောက် တောင်တန်းကြီးများ (mid-ocean ridges) သည် ကမ္ဘာ့မြေထုချပ်များ ကွဲကွာနေသည့် ထင်ရှားသော နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ကုန်းမြေပေါ်တွင် မြေထုချပ်များ ဆွဲဆန့်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ကျွံကျချိုင့်ဝှမ်းများ (Rift Basins) တွင်လည်း ပုံမှန်ပြတ်ရွေ့များကို အများအပြား တွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် East African Rift သည် ကုန်းမြေပေါ်တွင် ဖြစ်ပေါ်နေသော အကြီးမားဆုံး ကျွံကျချိုင့်ဝှမ်း (Rift Basins) စနစ်များအနက် တစ်ခုဖြစ်သည်။

ပုံ (၂) မြေနိမ့်ချိုင့်ဝှမ်းများ (grabens) နှင့် ကုန်းမြင့်တန်းများ (horsts)

Leave a Reply

Your email address will not be published. Required fields are marked *