by Kaung Si Thu – March 4 2026 in Myanmar
မြန်မာစံတော်ချိန် 2026-03-04 18:06:10 ဒီကနေ့ ညနေ ၆ နာရီ၊ ၆ မိနစ်၊ ၁၀ စက္ကန့်မှာ Magnitude 4.4 (အင်အားအနည်းငယ်ရှိ) တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။ ဗဟိုချက်ကတော့ သီပေါမြို့ရဲ့ အရှေ့မြောက်ဘက် ဖြစ်ပါတယ်။ တက်တိုးနစ်အရ Crustal Flow လို့ခေါ်တဲ့ မြေလွှာစီးဆင်းမှုဖြစ်စဉ်ကြောင့် တိဗက်ကုန်းပြင်မြင့်ကနေ အရှေ့တောင်ဘက်ကို ကန်ထွက်လာတဲ့ မြေလွှာထုတွေက ရှမ်းမြောက်ဒေသက ပြတ်ရွေ့တွေကို ငလျင်လှုပ်ဖို့ အားတွေ ပုံမှန်စုပေးနေတဲ့ အနေအထားရှိပါတယ်။ ပြတ်ရွေ့အများစုက သံလွင်မြစ်ကို ကန့်လန့်ဖြတ်ပြီး အရှေ့-အနောက် တန်းနေတဲ့ Strike-slip ပြတ်ရွေ့ တွေဖြစ်ပါတယ်။ အခုလှုပ်တဲ့ Magnitude 4.4 ငလျင်ဟာ အနက် ၁၀ ကီလိုမီတာဝန်းကျင်လောက်ပဲရှိတဲ့ ဇောက်တိမ်ငလျင် (Shallow earthquake) ဖြစ်လို့ ဗဟိုချက်အနီး ကျောက်မဲ ၊ သီပေါ ၊ လားရှိုးမြို့တွေ မှာ သိသိသာသာ ခံစားရနိုင်ပါတယ်။ ဒီဒေသက ပြတ်ရွေ့တွေဟာ Active ဖြစ်နေဆဲဖြစ်တယ်ဆိုတာ သတိပေးလိုက်သလိုပါပဲ။

Earthquake Data Source: Earthquake Observation Division, Thai Meteorological Department (TMD)