by Saw Myat Wai Paing Environmental Consultant @ IEORS
မီးခိုးမြူငွေ့
မီးခိုးမြူငွေ့ ဆိုသည်မှာ လေထုအတွင်း၌ အခိုးအငွေ့များ၊ ဖုန်မှုန့်များ၊ အမှုန်အမွှားများနှင့် အငွေ့ပျံလွယ်သော ဒြပ်ပေါင်းများ စုစည်းကာ ဓာတ်ငွေ့အမျိုးမျိုးနှင့် ရောနှောဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထိုမီးခိုးမြူငွေ့များအတွင်း၌ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည့် အလွန်သေးငယ်သော အမှုန်အမွှားများ ဖြစ်ကြသည့် PM2.5 နှင့် PM10 တို့အပြင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ ကာဗွန်မိုနော့ဆိုက် (CO)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်(NO2)၊ ဆာလဖာဒိုင်အောက်ဆိုက်(SO2)၊ အိုဇုန်း (O3) ကဲ့သို့သော အဆိပ်ဓာတ်ငွေ့များ ပါဝင်နေတတ်သည်။ မီးခိုးမြူငွေ့သည် ၎င်း၏ သဘောသဘာဝအရ လေစီးကြောင်းနှင့်အတူ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ရွေ့လျားပျံ့နှံ့နိုင်စွမ်းရှိသဖြင့် ဒေသတွင်းသာမက နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နိုင်သည့် (Transboundary Haze) အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုမျိုးလည်း ဖြစ်သည်။
မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ
မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် သဘာဝဖြစ်စဉ်များနှင့် လူသားတို့၏ ပယောဂများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ သဘာဝကြောင့်ဖြစ်သော အကြောင်းအရင်းများတွင် တောမီးလောင်ကျွမ်းခြင်းမှ ထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အမှုန်အမွှားများ၊ မီးတောင်ပေါက်ကွဲခြင်းကြောင့် ထွက်ပေါ်လာသည့် ပြာမှုန့်နှင့် ဆာလ်ဖာဓာတ်ပေါင်းများအပြင်၊ သဲမုန်တိုင်းများကြောင့် လွင့်ပါးလာသည့် ဖုန်မှုန့်နှင့် သဲမှုန်များ ပါဝင်သည်။ အခြားတစ်ဖက်တွင် လူသားတို့၏ လုပ်ဆောင်ချက်များသည်လည်း မီးခိုးမြူငွေ့ဖြစ်ပေါ်မှုကို ပိုမိုဆိုးရွားစေသည်။ အထူးသဖြင့် ပွင့်လင်းရာသီတွင် သစ်ရွက်ခြောက်များ၊ အမှိုက်ပုံများနှင့် စွန့်ပစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းတောင်ယာများအတွက် တောခုတ်မီးရှို့ခြင်းနှင့် စိုက်ပျိုးရေးထွက် ရိုးပြတ်၊ ကောက်ရိုးနှင့် စပါးခွံများကို မီးရှို့ခြင်းတို့ကြောင့် အဆိပ်သင့်အငွေ့ပျံမှုများ ဖြစ်ပေါ်စေသည်။ ထို့ပြင် အမဲလိုက်ခြင်း၊ ပျားဖွတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်းတို့မှ ထွက်ရှိသော မီးခိုးများ၊ မော်တော်ယာဉ်မျိုးစုံမှ ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များနှင့် ရုပ်ကြွင်းလောင်စာသုံး စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော အခိုးအငွေ့များသည်လည်း လေထုအတွင်း မီးခိုးမြူငွေ့များ စုဆုံလာရခြင်း၏ အဓိက လက်သည်များ ဖြစ်ကြသည်။
မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများ
မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ဒေသတွင်းပြဿနာတစ်ခုသာမက ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်နေသော ဘေးအန္တရာယ်တစ်ခုဖြစ်သည်။ မီးခိုးမြူငွေ့များတွင် ပါဝင်သော ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားအဆိပ်ငွေ့များသည် လေထုအတွင်း အပူကို ထိန်းထားနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှု (Global Warming) နှင့် ရာသီဥတုပြောင်းလဲမှု (Climate Change) ကို တိုက်ရိုက်ဖြစ်ပေါ်စေသည်။ တောမီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့များသည် တောရိုင်းတိရစ္ဆာန်များ၏ မူရင်းဒေသများကို ပျက်စီးစေပြီး ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျက်စီးခြင်း ကို ဖြစ်ပေါ်စေကာ သဘာဝ၏ မျှခြေကို ပျက်ပြားစေသည်။
မီးခိုးမြူငွေ့အတွင်း ပါဝင်သော အလွန်သေးငယ်သည့် အမှုန်အမွှားများသည် ရှူရှိုက်မိသည့် အခါ အဆုတ်မှတစ်ဆင့် သွေးကြောထဲအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိသဖြင့် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ အဆိုပါ ညစ်ညမ်းမှုများကြောင့် ပန်းနာရင်ကျပ်၊ အဆုတ်ရောင်ခြင်းနှင့် နာတာရှည် အဆုတ်ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားရနိုင်သည့်အပြင် နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပိတ်ခြင်း (Stroke) နှင့် သွေးတိုးရောဂါကဲ့သို့သော နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။ ထို့ပြင် အသည်းရောဂါဖြစ်ပွားမှုကို အားပေးခြင်း၊ မျက်စိနာခြင်း၊ အရေပြားယားယံခြင်းနှင့် ကိုယ်ခံအားစနစ် တစ်ခုလုံး အားနည်းလာခြင်း စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးရှိ ကျန်းမာရေးပြဿနာများကိုပါ ဆက်စပ်ဖြစ်ပေါ်စေနိုင်ပါသည်။
လေထုညစ်ညမ်းမှု အလွန်အမင်း ဆိုးရွားလာခြင်းသည် ပြည်သူများ၏ ကျန်းမာရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာနိုင်မှုအပေါ် ကန့်သတ်ချက်များ ဖြစ်ပေါ်စေပြီး လူမှုစီးပွားဘဝ တစ်ရပ်လုံးကို ရပ်တန့်စေနိုင်ပါသည်။ အထူးသဖြင့် ကျောင်းများ ခေတ္တပိတ်ထားရခြင်းကြောင့် ကျောင်းသားများ၏ ပညာသင်ကြားခွင့် အခွင့်အလမ်းများ ဆုံးရှုံးရသကဲ့သို့ ဈေးများ၊ ရုံးများ၊ စက်ရုံများနှင့် ဟိုတယ်/ခရီးသွားလုပ်ငန်းများ ပိတ်သိမ်းရခြင်းကြောင့် နိုင်ငံ့၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို သိသာစွာ လျော့ကျစေပါသည်။ ထို့ပြင် မီးခိုးမြူငွေ့များသည် လေစီးကြောင်းနှင့်အတူ နိုင်ငံနယ်နိမိတ်များကို ကျော်ဖြတ်၍ ပျံ့နှံ့နိုင်သည့် သဘောရှိသဖြင့် မိမိနိုင်ငံအတွင်းမှ ဖြစ်ပေါ်သော ညစ်ညမ်းမှုသည် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိသွားနိုင်သကဲ့သို့၊ အခြားနိုင်ငံမှ ထွက်ရှိသော မီးခိုးများကြောင့်လည်း မိမိနိုင်ငံတွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားရနိုင်ပါသည်။ ဤကဲ့သို့သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု (Transboundary Haze) ပြဿနာသည် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် အလေးထား ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။
မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ရာသီဥတုပြောင်းလဲမှုကို မြန်ဆန်စေပြီး လူသားတို့၏ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ နည်းလမ်းများအနေဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော ရွှေ့ပြောင်းတောင်ယာစနစ်အစား စနစ်ကျသော တောင်ပေါ် လှေကားထစ် စိုက်ပျိုးရေးစနစ်ကို အစားထိုးကျင့်သုံးခြင်း၊ ကြိုးဝိုင်းနှင့် ကြိုတင်ကာကွယ်တော ဧရိယာများ တိုးချဲ့ခြင်း၊ စားကျက်မြေများနှင့် စိုက်ခင်းများတွင် မီးတားလမ်း (Firebreak) များ စနစ်တကျ ဖောက်လုပ်ခြင်းနှင့် သစ်တောစိုက်ခင်း တည်ထောင်ရာတွင် မီးရှို့ခြင်းကင်းစင်သည့် Zero-burning နည်းပညာကို အသုံးပြုခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
ထို့ပြင် စိုက်ပျိုးရေးထွက်အကြွင်းအကျန်များ၊ ရိုးပြတ်နှင့် ကောက်ရိုးများကို မီးရှို့ဖျက်ဆီးမည့် အစား သဘာဝမြေဩဇာအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ စက်ရုံများတွင် လေထုအရည်အသွေး ထိန်းသိမ်းသည့် ခေတ်မီနည်းပညာများ အစားထိုးခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို 3R (Reduce, Reuse, Recycle) စနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲခြင်းတို့မှာလည်း အလွန်အရေးကြီးပါသည်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်လည်း လဟာပြင်တွင် အမှိုက်ရှို့ခြင်း၊ တရားမဝင် အမဲလိုက်ခြင်းနှင့် တောမီးရှို့ခြင်းကဲ့သို့သော အလေ့အထဆိုးများကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ မီးခိုးမြူငွေ့ ထူထပ် နေချိန်တွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ နေအိမ်အတွင်း၌သာ နေထိုင်ကာ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ် ရပါမည်။ ဤကဲ့သို့သော လက်တွေ့ကျသည့် ကာကွယ်ရေးနည်းလမ်းများနှင့် အသိပညာများကို အများပြည်သူထံ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။
မီးခိုးမြူငွေ့စောင့်ကြည့်ခြင်းတွင် Remote Sensing နည်းပညာကို အသုံးပြုခြင်း
မီးခိုးမြူငွေ့များ ပျံ့နှံ့မှုကို စောင့်ကြည့်လေ့လာရာတွင် Remote Sensing (အဝေးမှ အာရုံခံတိုင်းတာခြင်း) နည်းပညာသည် မြေပြင်အခြေစိုက် စခန်းများထက် ပိုမိုကျယ်ပြန့်သော “ဂြိုဟ်တုအမြင်” (Bird’s-eye view) ကို ပေးစွမ်းနိုင်ပါသည်။ ဂြိုဟ်တုပေါ်ရှိ အာရုံခံကိရိယာများသည် လေထုအတွင်းရှိ အမှုန်အမွှား သိပ်သည်းဆ (Aerosol Optical Depth – AOD) ကို တိုင်းတာခြင်းဖြင့် PM2.5 နှင့် PM10 တို့၏ ပျံ့နှံ့မှုကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပေးနိုင်ပါသည်။ ထို့ပြင် အင်ဖရာရက် (Infrared) အာရုံခံကိရိယာများကို အသုံးပြု၍ တောမီးလောင်ကျွမ်းရာနေရာများနှင့် လယ်ယာမြေ မီးရှို့သည့်နေရာ (Hotspots) များကို တိကျစွာ ရှာဖွေနိုင်ရုံသာမက လေထုအတွင်းရှိ ကာဗွန်မိုနော့ဆိုက် (CO) နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2) ကဲ့သို့သော အဆိပ် ဓာတ်ငွေ့များကိုလည်း ခွဲခြမ်းစိတ်ဖြာ ပုံဖော်ပေးနိုင်ပါသည်။ ဤနည်းပညာမှရရှိသော အချက်အလက်များကို မိုးလေဝသ ဖြစ်စဉ်များနှင့် ပေါင်းစပ်ကာ မီးခိုးမြူငွေ့များ၏ ရွေ့လျားမည့် လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ (Transboundary Haze) ပြဿနာကို သိပ္ပံနည်းကျ ဖြေရှင်းရာတွင်လည်းကောင်း၊ ပြည်သူများထံ ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ရာတွင်လည်းကောင်း အလွန်ထိရောက်သော အကျိုးကျေးဇူးကို ရရှိစေပါသည်။
မြန်မာနိုင်ငံတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုဒဏ်ကို နှစ်စဉ် ပွင့်လင်းရာသီဖြစ်သော ဖေဖော်ဝါရီလမှ မေလအတွင်း ဆိုးရွားစွာ ခံစားရပြီး အထူးသဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် အထက်မြန်မာပြည်ဒေသများတွင် လေထုအရည်အသွေး (AQI) သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆင့်အထိ ရောက်ရှိတတ်သည်။ အဓိကမှာ တောင်ပေါ်ဒေသများရှိ ရွှေ့ပြောင်းတောင်ယာများအတွက် တောခုတ်မီးရှို့ခြင်း၊ ရိုးပြတ်နှင့် ကောက်ရိုးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် တရားမဝင်အမဲလိုက်ရာမှတစ်ဆင့် တောမီး လောင်ကျွမ်းခြင်းတို့ ဖြစ်သည်။ ထို့ပြင် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် ဖြစ်ပေါ်သော မီးခိုးမြူငွေ့များသည် လေစီးကြောင်းနှင့်အတူ အိမ်နီးချင်း နိုင်ငံများသို့ ပျံ့နှံ့သွားသကဲ့သို့၊ တစ်ခါတစ်ရံတွင်လည်း အိမ်နီးချင်းနိုင်ငံများမှ မီးခိုးများမှာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့အဖြစ် ပြန်လည်ဝင်ရောက်လာတတ်သည်။ ဤကဲ့သို့သော အခြေအနေများကို ထိရောက်စွာ စောင့်ကြည့်နိုင်ရန် မြန်မာနိုင်ငံတွင် Sentinel-5P နှင့် MODIS ကဲ့သို့သော ဂြိုဟ်တုနည်းပညာများကို အသုံးပြု၍ နိုင်ငံတစ်ဝှမ်းရှိ မီးလောင်ကျွမ်းရာနေရာ (Hotspots) များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကာ မီးခိုးမြူငွေ့အန္တရာယ် သတိပေးချက် များကို ထုတ်ပြန်ပေးနိုင်ပါသည်။
နိဂုံးနှင့် တိုက်တွန်းနှိုးဆော်ချက်
ခြုံငုံသုံးသပ်ရလျှင် တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများသည် လေထုညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်ပြီး ၎င်းတို့၏ မူရင်းဒေသများ ပျောက်ဆုံးခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ပြင်းထန်စွာ ထိခိုက် ပျက်စီးစေပါသည်။ သို့ဖြစ်ပါ၍ လေထုအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု မရှိစေရေး၊ သန့်ရှင်းသောလေကို ရှူရှိုက်နိုင်စေရေးနှင့် လေထုအရည်အသွေး ကောင်းမွန်သန့်ရှင်းနေစေရေးတို့ကို မျှော်မှန်းလျက် တစ်ဦးတစ်ယောက်ချင်းဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများဖြင့်သော် လည်းကောင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အားလုံးတက်ကြွစွာ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ကျွန်ုပ်တို့အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နောင်လာနောက်သားများအတွက် သန့်ရှင်း ကြည်လင်သော ကောင်းကင်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ကောင်းကို အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းနိုင်မည် ဖြစ်ပါသည်။
Saw Myat Wai Paing Environmental Consultant @ IEORS