ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS)

by Kaung Si Thu

ပထဝီဝင်သတင်းအချက်အလက်စနစ် (Geographic Information System – GIS) ဆိုသည်မှာ ယနေ့ခေတ်တွင် လူတိုင်းနှင့် မကင်းနိုင်သော နည်းပညာတစ်ရပ်ပင် ဖြစ်သည်။ GIS ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် အမျိုးမျိုးသော အချက်အလက်များကို ဆော့ဖ်ဝဲများဖြင့် မြေပုံပေါ်တွင် ရေးဆွဲဖော်ပြသည်ကို လူအများစုက မြင်ယောင်မိကြမည် ဖြစ်ပါသည်။ အမှန်စင်စစ်၊ မြေပုံများ ရေးဆွဲခြင်းသည် ရှေးအခါမှစ၍ ရှိခဲ့သော အတတ်ပညာတစ်ရပ် ဖြစ်ပါသည်။ ကွန်ပျူတာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဤအတတ်ပညာသည်လည်း စက္ကူပေါ်တွင် ရေးဆွဲခြင်းမှတစ်ဆင့် ကွန်ပျူတာပေါ်ရှိ GIS ဖြင့် ဒီဂျစ်တယ်မြေပုံများ ဖန်တီးနိုင်သော အဆင့်သို့ မြင့်တက်လာခဲ့ပါသည်။ သို့ရာတွင်  GIS ၏ စွမ်းရည်သည် မြေပုံရေးဆွဲခြင်းတစ်ခုတည်းနှင့် ကန့်သတ်မထားပါ။ ထို့ထက်မက ကျယ်ပြန့်လှသော နည်းပညာတစ်ခု ဖြစ်ပါသည်။ နေ့စဉ်ဘဝတွင် အသုံးပြုနေကျဖြစ်သော Google Map၊ ရာသီဥတုကြိုတင်ခန့်မှန်းရေး App များ သို့မဟုတ် GPS လမ်းညွှန်ဆော့ဖ်ဝဲများကို အသုံးပြုဖူးပါက  သင်သည် GIS နှင့် လုံးဝမစိမ်းသူပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် GIS သည် Geospatial Data ခေါ် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ တည်နေရာတိုင်းနှင့် ဆက်စပ်နေသော အချက်အလက်များ၊ အဖြစ်အပျက်များကို အခြေခံ၍ လုပ်ကိုင် ဆောင်ရွက်သော နည်းပညာဖြစ်သောကြောင့် ဖြစ်ပါသည်။

၁-၁။ လူသားတို့၏ ဦးနှောက်ထဲမှ သဘာဝ GIS စနစ်

တည်နေရာနှင့်ဆက်စပ်ပြီး ဆက်ပြောရမည်ဆိုလျှင် လူတိုင်းတွင် တည်နေရာအပေါ် အခြေခံ၍ ဆက်စပ်တွေးခေါ်နိုင်သော သဘာဝစွမ်းရည်ရှိပါသည်။ ကျွန်ုပ်တို့၏ မှတ်ဉာဏ်ထဲတွင် ကိုယ်တိုင် နေထိုင် သွားလာခဲ့သော ပတ်ဝန်းကျင်မှ အတိတ်က အချက်အလက်များနှင့် အဖြစ်အပျက်များကို သဘာဝ အလျောက် သိမ်းဆည်းထားပြီးဖြစ်ပါသည်။ ဥပမာ နေ့စဉ်လုပ်ငန်း ဆောင်တာများ ဖြစ်သည့် အလုပ်သွားခြင်း သို့မဟုတ် ဈေးသွားခြင်းကဲ့သို့သော အခြေအနေမျိုးတွင် မည်သည့်လမ်းကြောင်းကို ရွေးချယ်ရမည်ကို ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့သည် ဦးနှောက်ထဲတွင် ရှိပြီးသား ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ကူးမြေပုံ(Mental Map) ကို အလိုအလျောက်အသုံးပြုပြီး ဆုံးဖြတ်မှာ ဖြစ်ပါသည်။ ဒီအတွက် Google Map မလိုပါ။ လက်တွေ့လေ့ကျင့်မှုအနေဖြင့် စာရွက်ဖြူတစ်ရွက်ယူကာ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ရှိ နေရာများနှင့် သွားလာနေကျ လမ်းကြောင်းများကို မှတ်မိသလောက် ရေးဆွဲကြည့်ပါ။ မြေပုံတစ်ချပ် ရရှိလာပါလိမ့်မည်။ ယင်းမြေပုံက မိမိတို့ မိမိ၏ ဦးနှောက်ထဲတွင် ရှိသော မြေပုံပင် ဖြစ်ပါသည်။ GIS ၏ အခြေခံအလုပ်လုပ်ပုံစနစ်မှာလည်း ဤသဘောတရားနှင့် ဆင်တူပါသည်။ ပထမဦးစွာ တည်နေရာနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို GIS စနစ်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းပြီးနောက်၊ ထိုအချက်အလက်များပေါ်တွင် အခြေခံ၍ လိုအပ်သလို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် သုံးသပ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၁-၂။ GIS ဆိုသည်မှာ အဘယ်နည်း

GIS ဆိုသည်မှာကွန်ပျူတာ ဆော့ဖ်ဝဲတစ်ခုလား၊ အင်တာနက်ပေါ်တွင် အသုံးပြုနိုင်သော ဝန်ဆောင်မှုတစ်ခုလား၊ စနစ်တစ်ခုလား၊ သို့မဟုတ် ပညာရပ်တစ်ခုလား မေးကောင်းမေးနိုင်ပါသည်။ အဖြေမှာ အားလုံးမှန်ကန်ပါသည်။ ဆော့ဖ်ဝဲဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် GIS တွင် တည်နေရာဆိုင်ရာ အချက်အလက်များကို ထည့်သွင်းသိမ်းဆည်းပြီး အမျိုးမျိုးသော လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နိုင်သည့် ArcGIS၊ QGIS ကဲ့သို့သော နာမည်ကျော်ဆော့ဖ်ဝဲများ ပါဝင်သကဲ့သို့ Google၊ Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများမှ ပေးဆောင်သည့် အွန်လိုင်း မြေပုံဆွဲဝန်ဆောင်မှုများလည်း ပါဝင်ပါသည်။ Hardware ရှုထောင့်မှ ကြည့်လျှင် GIS သုံးဖို့အတွက် computer, memory, storage devices, scanner, printer, global positional system (GPS) units စသည့် physical component များသည် မရှိမဖြစ် အကြုံးဝင်ပါသည်။ ဒါ့အပြင် စနစ်တစ်ခုအနေဖြင့်လည်း GIS သည် အချက်အလက်များကို ပြင်ဆင်ခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်းနှင့် မျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ မုန်တိုင်းလမ်းကြောင်း ရှာဖွေခြင်းမှ အစပြု၍ မြေပုံရေးဆွဲခြင်း၊ လမ်းကြောင်းရှာဖွေခြင်းစသည့် တည်နေရာအခြေပြု ဝန်ဆောင်မှုများတွင် GIS ကို မရှိမဖြစ် အသုံးပြုလျက်ရှိပါသည်။

၁-၃။ GIS ၏ အဓိပ္ပာယ်

GIS ဆိုသည်မှာ Geographic Information System ၏ အတိုကောက်ဖြစ်ပြီး ကမ္ဘာ မြေမျက်နှာပြင်ပေါ်ရှိ တည်နေရာဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရန်၊ စီမံခန့်ခွဲရန်၊ ခွဲခြမ်းစိတ်ဖြာရန် နှင့် မြေပုံအဖြစ် ပြသရန် အသုံးပြုသည့် စနစ်တစ်ခု ဖြစ်သည်။ GIS တွင် တည်နေရာအခြေပြု မတူညီသည့် ဒေတာအချက်အလက်များကို ထည့်သွင်းနိုင်ပြီး ထိုအချက် အလက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်သည်။ ထို့နောက် လိုအပ်သလို ခွဲခြမ်းစိတ်ဖြာခြင်းများ ပြုလုပ်နိုင်သည့်အပြင် နောက်ဆုံးတွင် မြေပုံအဖြစ် ထုတ်ပေးနိုင်သည့် စနစ်တစ်ခုဖြစ်ပါသည်။

“A geographic information system (GIS) is a computer system for capturing, storing, checking, and displaying data related to positions on Earth’s surface. (NATIONAL GEOGRAPHIC)” ပထဝီဝင်အချက်အလက်စနစ် (GIS) ဆိုသည်မှာ ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ တည်နေရာများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖမ်းယူ၊ သိမ်းဆည်းခြင်း၊ စစ်ဆေးခြင်းနှင့် ပြသခြင်းအတွက် ကွန်ပျူတာစနစ်တစ်ခုဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဆိုရသော်၊ GIS သည် တည်နေရာဆိုင်ရာ အချက်အလက်များ (Geospatial Data) ကို စုဆောင်း၊ စီမံ၊ ခွဲခြမ်းစိတ်ဖြာနိုင်သည့် ကွန်ပျူတာအခြေပြုစနစ်တစ်ရပ်ဖြစ်ပါသည်။

၁-၄။ တည်နေရာဆိုင်ရာ အချက်အလက်များ (Geospatial Data) နှင့် GIS

Geospatial Data များတွင် ဘယ်နေရာလဲဆိုသည်ကို ညွန်ပြနိုင်သော တည်နေရာများ ပါရှိပါမည်။ ဆက်လက်ပြီး ဒီတည်နေရာ တွေမှာ ဘာတွေဖြစ်ပျက်နေသည့်  အသေးစိတ် အချက် အလက်များ ပါရှိပါမည်။ ထို့ကြောင့် Geospatial Data ဆိုသည်မှာ တည်နေရာကို ညွန်ပြနိုင်သော အချက် အလက်များနှင့် ထိုတည်နေရာတွင် ဖြစ်ပေါ်နေသော အသေးစိတ်အချက်အလက်များကို ရည်ညွှန်းသည့် ဒေတာများကို ဆိုလိုသည်။ GIS တွင် ဤ Geospatial Data များကို အခြေခံ၍ အမျိုးမျိုးသော လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် ငလျင်ဒေတာများတွင် ငလျင်ဖြစ်ပွားခဲ့သည့် တည်နေရာများကို Latitude/Longitude ဖြင့် ဖော်ပြထားပြီး၊ ငလျင်လှုပ်သည့် အချိန်၊ ငလျင်ပမာဏ (Magnitude) စသည့် အချက်အလက်များလည်း ပါဝင်မည်။ ဤအချက်အလက်များကို Raw Data သို့မဟုတ် Geospatial Data ဟု ခေါ်နိုင်ပါသည်။ ဤ ဒေတာများကို GIS ထဲသို့ ထည့်သွင်း၍ ပုံ (၁-၁) အတိုင်း GIS တွင် ထည့်သွင်းကြည့်လျှင် ငလျင်ဖြစ်ပွားသည့် နေရာများကို Point အဖြစ် မြင်တွေ့ရမည် ဖြစ်ပြီး၊ ငလျင်များ၏ ပျံ့နှံ့ပုံကို တည်နေရာအလိုက် ဆက်စပ် လေ့လာနိုင်မည်ဖြစ်ပါသည်။

ပုံ (၁-၁) မြန်မာနိုင်ငံအတွင်း (၁၉၇၀ – ၂၀၂၅) ခုနှစ်များအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ပမာဏ ၄.၅ အထက် ငလျင်တည်နေရာများနှင့် ငလျင်အနက်ကို ကာလာခွဲခြားပြသသော မြေပုံ

ထို့နောက် ဤဒေတာများကို ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်၍ Geospatial Analysis ပြုလုပ်ပါက ပုံ (၁-၂) အတိုင်း ငလျင်ဘေးကျရောက်နိုင်ချေ မြင့်/နိမ့် ဇုန်များအဖြစ် ခွဲခြားဖော်ပြနိုင်မည် ဖြစ်သည်။ ထို့အပြင် လမ်းများ၊ မြစ်များ၊ မြို့နေရာများကဲ့သို့သော အခြား Geospatial Data များကို ထပ်မံ ထည့်သွင်းပါက ပိုမို ပြည့်စုံပြီး အသုံးဝင်သော GIS မြေပုံတစ်ခု ရရှိနိုင်မည် ဖြစ်သည်။ ဆက်လက်၍ ဤနေရာတွင် ပြတ်ရွေ့ကြောင်း (Fault Line) များ၊ လူဦးရေဒေတာ (Population Data)၊ အဆောက်အဦများ၏ တည်နေရာနှင့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို GIS စနစ်အတွင်း ပေါင်းစပ်ထည့်သွင်းကာ သရုပ်ဖော်ခွဲခြမ်းစိတ်ဖြာမှု (Modeling) ပြုလုပ်နိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အနာဂတ်တွင် ငလျင်ကြီးတစ်ခု လှုပ်ခတ်ပါက မည်သည့်နေရာဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်နိုင်ခြေရှိသည်ကို ကြိုတင်ခန့်မှန်း တွက်ချက်နိုင်မည် ဖြစ်ပါသည်။

ရရှိလာသော ရလဒ်များကို အခြေခံ၍ မည်သည့်မြို့နှင့်ဒေသများသည် ငလျင်ဘေးအန္တရာယ် မြင့်မားသောဇုန် (High Risk Zone) များတွင် ကျရောက်နေသည်ကို သတ်မှတ်နိုင်ပြီး၊ ထိုသို့သော နေရာများတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ မဖြစ်မနေ တည်ဆောက်ရန် လိုအပ်ကြောင်း စသည့် အနာဂတ် ငလျင်ဘေး ကာကွယ်လျှော့ချရေး ဆိုင်ရာ မဟာဗျူဟာများ အတွက် GIS ကို ဆုံးဖြတ်ချက်ချမှတ်ရေး အထောက်အကူပြုကိရိယာ (Decision Support Tool) အဖြစ် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။ အနှစ်ချုပ်အားဖြင့်ဆိုသော် GIS သည် ရိုးရှင်းသော ကိန်းဂဏန်း အချက်အလက်များ ကို ပိုမိုအဓိပ္ပာယ်ရှိပြီး အရေးပါသော သတင်း အချက်အလက်များအဖြစ် ပြောင်းလဲပေးကာ ဆုံးဖြတ်ချက် ချမှတ်သူများ (Decision Makers) အတွက် များစွာ အထောက်အကူပြုပါသည်။ ယနေ့ခေတ်တွင် GIS သည် နယ်ပယ်အသီးသီး၌ အသုံးဝင်သကဲ့သို့၊ လုပ်ငန်းအများအပြားအတွက်လည်း မရှိမဖြစ် အရေးပါသော ကိရိယာတစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါသည်။

ပုံ (၁-၂) မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်ရှားမှုအန္တရာယ်ရှိသောဒေသများပြမြေပုံ

Leave a Reply

Your email address will not be published. Required fields are marked *